မင်းဘူး ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနရုံးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းများ ကောက်ယူရာတွင် စာရင်းထပ်ခြင်း၊ စာရင်းကျန်ခြင်းများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် အဆောက်အဦ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ တတိယပတ်မှစတင်ပြီး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါရုံးမှ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တို့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦစာရင်းတင်ခြင်း လုပ်ငန်းများအားလုံးကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်များတွင် အုပ်စုများခွဲ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်မှ စတင်ပြီး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မင်းဘူး(စကု)မြို့နယ် အတွင်း၌ မြို့ပေါ်ရပ်ကွက်ကြီး (၇)ရပ်ကွက်ရှိပြီး အဆောက်အဦ စာရင်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် Census Unit (၆၆)ခု၊ အိမ်ထောင်စုအားဖြင့် (၁၁၀၇၂)စု၊ လူဦးရေပေါင်း (၄၃၉၀၈)ဦးရှိကြောင်း၊ ယနေ့အထိ မြို့ပေါ်ရပ်ကွက်ကြီး (၅)ရပ်ကွက်တွင် Census Unit (၁၉)ခု၊ အိမ်ထောင်စု (၁၈၅၂)စု၊ လူဦးရေပေါင်း (၇၁၀၁)ဦး ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ အားလုံးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)