မင်းဘူး အောက်တိုဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကျေးရွာများ၌ နှောင်းပိုင်းမိုး ရွာသွန်းပြီးချိန် ဆောင်နေကြာသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နေကြာမျိုးသန့်မျိုးစေ့များကို စနစ်တကျ ရွေးချယ်စိုက်ပျိုး နိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးတို့အတွက် စိုက်ပျိုးရေးဝန်ထမ်းများ ကြီးကြပ်၍ အောက်တိုဘာ ၁၇ ရက်က ရွှေတပင်ကျေးရွာရှိ တောင်သူ ဦးလှိုင်မြင့်၏ ကိုင်းမြေ၌ အိန္ဒိယ နေကြား(မျိုး) တစ်ဧကကို စိုက်ပျိုးခဲ့ကြသည်။
ဆောင်းနေကြာသီးနှံစိုက်ပျိုးရန် မြေယာပြုပြင်ခြင်းများ ဆောင်ရွက်ပြီးချိန် မျိုးစေ့ တစ်ဧက နှစ်ပြည်နှုန်း သုံးစွဲကာ ကြဲပက်နှင့် ကြောင်းစွဲစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ရေဆင်းစပ်မျိုး၊ ဆင်းရွှေကြာ(၂)နှင့် အိန္ဒိယမျိုးများကို အများဆုံးရွေးချယ်စိုက်ပျိုးလေ့ရှိကြောင်း၊ ဆီထွက်သီးနှံထဲတွင် နေကြာစိုက်ပျိုး ခြင်းသည် စိုက်ပျိုးစရိတ်ကုန်ကျမှု အသက်သာဆုံးဖြစ်ပြီး ဒေသခံတောင်သူများ စီးပွားရေး ပိုမိုတွက်ချေ ကိုက်သည့်အတွက် ဆောင်းနေကြာကို အများဆုံး အားထားစိုက်ပျိုးကြကြောင်း ရွှေတပင်ကျေးရွာ နေကြာစိုက်တောင်သူ ဦးလှိုင်မြင့်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ၂၁၁၅ ဧကစိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)