မင်းဘူး ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက် မြို့နယ်အတွင်း အဆင့်မြင့်လယ်ယာမြေ စံပြစိုက်ခင်းအဖြစ် ကိုင်းတောလေးကျေးရွာအရှေ့ကွင်းရှိ ကွင်းအမှတ်(၁၂၈၄) တောင်သူ ဒေါ်သန်းသန်းဌေး၏ ယာမြေဧရိယာ ၁၃ ဒသမ ၇၃ ဧကအတွင်း၌ ၁၂ ဧက ဖော်ဆောင်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

ထို့သို့ဖော်ဆောင်ရွာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုဦးစီးဌာနက ယာမြေအတွင်း ဧကကွက်တိုင်းတာခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် ရေစီးဆင်းမှု မြေမျက်နှာသွင်ပြင် အနေအထားအရ မြေယာပြုပြင်ခြင်းနှင့် ဧကကွက်များ ပုံဖော်ပေးခြင်း၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က မြေအောက်ရေရရှိရေးနှင့် စက်ရေတွင်းတူဖော်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးနေပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေဆီလွှာနှင့် စိုက်ပျိုးရေများ ဓါတ်ခွဲစစ်ဆေးခြင်း၊ ရေရရှိမှုအပေါ်မူတည်၍ ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးသီးနှံများ ရွေးချယ်ခြင်း၊ မျိုးစေ့များထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါယာမြေအတွင်း ဒေသခံတောင်သူများ ရာသီမရွေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့က နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနှင့် စက်ရေတွင်းနှစ်တွင်းကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေလှောင်ကန်၊ ရေဝင်မြောင်း၊ ရေစီးမြောင်း၊ ရေထုတ်မြောင်းနှင့် ကုန်ထုတ်လမ်းများပါဝင်ကြောင်း၊ စိုက်ပျိုးရေ ရရှိမှုအပေါ်မူတည်၍ မြေဆီလွှာပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး မိုးစပါး၊ မြေပဲ၊ ပဲတီစိမ်း၊ နေကြာနှင့် နွေနှမ်းသီးနှံများကို ရာသီအလိုက် တစ်နှစ်ပတ်လည်လုံး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း အဆင့်မြင့် စက်မှုလယ်ယာမြေအဖြစ် ပုံဖော်ဆောင်ရွက်ပြီးစီးသွားပါက ဒေသခံတောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးလိုသော သီးနှံများကို အချိန်ရာသီမရွေး စိုက်ပျိုးနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ တောင်သူများ စံနမူနာယူလေ့လာကာ လိုက်ပါဆောင်ရွက်နိုင်စေရေး တောင်သူပညာပေး ကွင်းသရုပ်ပြပွဲများကို အဆိုပါစံပြစိုက်ခင်းအတွင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)