မင်းဘူး စက်တင်ဘာ ၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ တဖြည်းဖြည်းမြင့်တက်လာကာ မြေနိမ့်ပိုင်းဒေသများ မြစ်ရေဆက်လက်ဝင်ရောက်နေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၁၄၅ စင်တီ မီတာသာ လိုတော့ကြောင်း  မြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်အုန်းက ပြောသည်။

 

မြစ်ရေဝင်ရောက်မှုများကြောင့် ထုံးမကြီး၊ တပင်ရွာ၊ နိဗ္ဗာန်ကျွန်း ကျေးရွာများမှ အိမ်ထောင်စုများနှင့် ကျွဲနွားတိရစ္ဆာန်များကို ရေဘေးရှောင်နေရာများ၌ ယာယီပြောင်းရွှေ့ပေးထားကြောင်း၊ ထို့အပြင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြေနိမ့်ပိုင်းဒေသနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း မြစ်ရေများ ဆက်လက်ဝင်ရောက်နေကြောင်း ထုံးမကြီးကျေးရွာ ဒေသခံပြည်သူများထံမှ သိရသည်။

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေသည် ၁၅၅၅ စင်တီမီတာအထိ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ် ၁၇၀၀ သို့ ရောက်ရှိရန် ၁၄၅ စင်တီမီတာသာ လိုတော့ကြောင်း၊ ရာသီတု၊ မိုးလေဝသ ပေါ်မူတည်၍ နောက်နှစ်ရက်အတွင်း မြစ်ရေထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း အဆိုပါဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

 

မောင်မောင်(မင်းဘူး)