မင်းဘူး  ၃ နိုဝင်ဘာ   

 

မကွေးတိုင်းဒေသကြီး ၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီက မဲဆန္ဒရှင်ပြည်သူများ မဲထည့်ရန် စီစဉ်ထားရှိသည့် မဲရုံများအား စတင်ဖွင့်လှစ်ပေးရာ မြို့နယ်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသော မဲဆန္ဒရှင်ပြည်သူများက အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲလက်မှတ်များ လာရောက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ 

 

မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုအခြေအနေများကို တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး လှည့်လည် ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ်၌ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို မင်းဘူးမြို့၊ အမှတ်(၃၊ ၄) ရပ်ကွက်၊ စကုမြို့၌ အမှတ်(၁ ၊ ၂ ၊ ၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၄)အုပ်စုတို့တွင် မဲရုံပေါင်း(၉၆)ရုံ ဖွင့်လှစ်ထားရှိခဲ့ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၆၈၄၁၄) ဦး ရှိကြောင်း သိရသည်။ 

 

ယနေ့ ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲသည် မင်းဘူး(စကု)မြို့နယ်၌ လစ်လပ်ရှိသည့် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး၊ တစ်သီးပုဂ္ဂလမှ ကိုယ်စားလှယ်လောင်းနှစ်ဦးနှင့် အမျိုးသားညီညွတ်တိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း(၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)