မင်းဘူး မတ် ၁၂

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဒေသတွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် နွေသီးနှံများ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးတို့အတွက် ဆီထွက်သီးနှံ နှမ်းကို ၂၀၃၇၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ဒီနှစ် နွေသီးနှံ စိုက်ပျိုးရာသီကာလမှာ မင်းဘူး(စကု)မြို့နယ် အနေနဲ့ ဆီထွက်သီးနှံ နှမ်းကို ရေသောက် နည်းလမ်းများအလိုက် စိုက်ပျိုးမှုမှာ အိုင်းမဆည်မှ ၁၅၆၄၀ ဧက၊ မဲဇလီဆည်မှ ၁၆၉၇ ဧက၊ ကမ်းနီ လျှပ်စစ်ရေတင် စီမံကိန်းမှ ၂ ဧက၊ ကျောက်စံ လျှပ်စစ်ရေတင် စီမံကိန်းမှ ၂၆၂ ဧက၊ ဆိုလာလျှပ်စစ်ဖြင့် မြေအောက်ရေ ပေးဝေရေးစီမံကိန်းမှ ၂၇၇၁ ဧကဖြစ်၍ ဆီထွက်သီးနှံ နွေနှမ်းဧကပေါင်း ၂၀၃၇၂ ဧက လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ တောင်သူ အသိပညာပေးလုပ်ငန်းများကို နယ်မြေအလိုက် တာဝန်ခံ ဝန်ထမ်းတွေက စိုက်ခင်းများအရောက် ကွင်းဆင်းပြီး ဆောင်ရွက်ပေးနေသလို သစ်စိမ်းမြေဩာဇာနှင့် သဘာဝ မြေဆွေးများကိုလည်း အချိုးညီညီ သုံးစွဲရေးတို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ စိုက်ပျိုးရန် ကျန်ရှိနေတဲ့ အခြားဆီထွက် သီးနှံများကိုလည်း သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် တောင်သူတွေနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက် နေပါတယ်” ဟု မင်းဘူးမြို့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူက ပြောကြားသည်။

 

မင်းဘူး(စကု)မြို့နယ်မှ ဒေသခံတောင်သူများသည် သီးနှံများ စိုက်ပျိုးရာသီ ကာလများတွင် ဈေးကောင်းရရှိသည့် ပဲမျိုးစုံနှင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့်ဆီထွက် သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြခြင်းဖြင့် စိုက်ပျိုးသမျှ သီးနှံများ အောင်မြင်ဖြစ်ထွန်း၍ လူမှုဘဝ ဖွံဖြိုးတိုးတက်မှုများရှိကာ လုပ်ငန်းများ အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)