မင်းဘူး မတ် ၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကမ်းနီကျေးရွာ၌ မကွေးမြို့ အောင်ပုံတောရ ကံ့ကော်တစ်ထောင် ဆရာတော်ကြီးအား အမှူးပြု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က မတည်အလှူငွေ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံများက စုပေါင်းလှူဒါန်းငွေများဖြင့် မူလပုံစံမပျက် ပြန်လည်ပြုပြင်တည်ထားကိုးကွယ်သော ပုဂံခေတ်လက်ရာ ရှေးဟောင်းသိဒ္ဓိအောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်၊ ဌာပနာတော်သွင်း၊ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို မတ် ၈ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ကမ်းနီကျေးရွာရှိ ပုဂံခေတ်လက်ရာ ရှေးဟောင်းသိဒ္ဓိအောင်စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ဆွမ်းတော်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းပြီး မကွေးမြို့ အောင်ပုံတောရ ကံ့ကော်တစ်ထောင် ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင် အလှူရှင်များ၊ ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ဘုရားဌာပနာတော်ပစ္စည်များအား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး အဆိုပါပစ္စည်းများကို ပင့်ဆောင်၍ ရှေးဟောင်းသိဒ္ဓိအောင်စေတီတော် မြတ်ကြီးအား လက်ယာရစ် သုံးပတ်လှည့်လည်ပူဇော်သည်။
ဆက်လက်၍ ရွှေထီးတော်တင်လှူပူဇော်ရေးအဖွဲ့က ဦးဆောင်၍ စေတနာရှင် အလှူရှင်များ၊ ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ကမ်းနီကျေးရွာမှ ဒေသခံပြည်သူများက မင်္ဂလာရထားပျံဖြင့် စတင်ပင့်ဆောင်ကာ ဘုရားထီးတော်တင်လှူပူဇော်ခြင်း လုပ်ငန်းအဆင့်ဆင့်ကိုဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်အား ပင့်ဆောင်၍ စေတီတော် အထွတ်အထိပ်သို့ တင်လှူပူဇော်ကာ ဌာပနာပစ္စည်းများအား ဌာပနာတိုက်သို့ ပင့်ဆောင်ပြီး ဌာပနာတော် သွင်းခြင်းဆောင်ရွက်ကာ ရွှေထီးတော်တင် အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခြင်း ဆောင်ရွက်ခဲ့ပြီး ပင့်သံဃာ ဆရာတော်ကြီးများက ရှေးဟောင်းသိဒ္ဓိအောင်စေတီ တော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ခဲ့ကြသည်။
ဆက်လက်ပြီး ရွှေထီးတော်တင်လှူပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အခမ်းအနားကို မင်္ဂလာမဏ္ဍပ်တော်အတွင်း၌ ကျင်းပရာ မကွေးမြို့ အောင်ပုံတောရ ကံ့ကော်တစ်ထောင်ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်နှင့် အနုမောဒနာတရားတော်များ နာယူကြည်ညို၍ ဘုရားကြီးအတွက် အလှူငွေနှင့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းများ ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


