မင်းဘူး မေ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ဒေသတွင်းမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးခြင်းနှင့် ကျွဲ၊နွားတိရစ္ဆာန်များကို ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့က မယ်ဘေ့ကုန်းကျေးရွာ ဓမ္မာရုံနှင့် ရေပုတ်ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာရဲနန္ဒက တိရစ္ဆာန်များ မွေးမြူရာတွင် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးနေမှုများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး ရေပုတ်ကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျွဲ၊ နွား တိရစ္ဆာန်များအား ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် တိုင်းရင်းကြက်များအား ကြက်လည်လိမ် ကာကွယ်ဆေး ခတ်ပေးခြင်းကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


