မင်းဘူး ဇူလိုင် ၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးရေးနှင့်တွဲဖက်ပြီး နွားမွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်ကြသူများ နွားရောင်းဝယ်ရေးဈေးကွက် ဈေကောင်းရရှိ၍ လုပ်ငန်းများ အဆင်ပြေလျက်ရှိသောကြောင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးငန်းကို တွဲဖက်လုပ်ကိုင်သင့်ကြောင်း မွေးမြူရေးခြံလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

စိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ကိုင်သည့်အတွက် နွားအကောင်ရေ ရှားပါးလာမှုအပေါ် နွားမှရရှိလာသော နွားချေးများကို လယ်ယာမြေတွေမှာ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုရန်အတွက် မွေးမြူရခြင်းဖြစ်ကြောင်း၊ လက်ရှိနွားပေါက်ဈေးအရ နွားချောနွားလှအပေါ်မူတည်၍ မွေးမြူရေးနွားမ တစ်ကောင်ကို ငွေကျပ် (၅)သိန်းမှ (၁၀)သိန်းအထိ ဝယ်ယူရပြီး ပြန်လည်ရောင်းချချိန်တွင် ကိုယ်ပိုင်ပြနွားအထီးဖြင့် သားဖောက်ထားသည့်အတွက် နွားချောနွားလှ အဆင့်မီ နွားအထီးတစ်ကောင်ကို ငွေကျပ် (၁၅)သိန်းမှ သိန်း(၃၀) ဝန်းကျင်အထိ ကာလပေါက်ဈေးအတိုင်း ဈေးကောင်းရရှိကာ နွားမွေးမြူရေးလုပ်ငန်းက အဆင်ပြေလျက်ရှိကြောင်း စကုမြို့မှ စိုက်ပျိုးရေးနှင့် နွားမွေးမြူခြံလုပ်ငန်း တွဲဖက်လုပ်ကိုင်သည့်တောင်သူ ကိုဇော်လင်းထွန်းက ပြောသည်။

 

ဒေသခံတောင်သူများနေဖြင့် စိုက်ပျိုးရေးနှင့်တွဲဖက်ပြီး နွားမွေးမြူရေးခြံလုပ်ငန်းကို စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်ပါက နွားချေးမှရရှိလာသော သဘာဝမြေဩဇာကြောင့် ပုလဲဓါတ်မြေဩဇာဖိုး ကုန်ကျစရိတ် သက်သာသည့်အပြင် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းပြီး ဖြစ်သောကြောင့် အရင်းအနှီးတတ်နိုင်ပါက စိုက်ပျိုးရေးအပြင် နွားမွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်သင့်ကြောင်း ကိုဇော်လင်းထွန်းက ရှင်းပြသည်။

 

မင်းဘူး(စကု)မြို့နယ်၌ နွားမွေးမြူရေးခြံလုပ်ကိုင်သူ လုပ်ငန်းရှင်ပေါင်း ၁၀၀ ခန့်ရှိပြီး နွားအကောင်ရေ ၅၀ နှင့်အထက်ကို စီးပွားဖြစ်၊ နွားအကောင်ရေ ၅၀ အောက်ကို တစ်နိုင်တစ်ပိုင်ဟူ၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သတ်မှတ်ထားကြောင်း၊ နိုင်ငံတော်အစိုးရက ဒေသတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရန်အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သက်သာသော အတိုးနှုန်းထားဖြင့် ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မြင့်ထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)