မင်းဘူး  ၁  ဇွန်   

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း အသက်အရွယ်ကြီး၍ စားဝတ်နေရေးခက်ခဲသူများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ကျေးရွာပေါင်း (၁၀)ရွာမှ အိမ်ထောင်စု (၁၄၆)စုတို့အား အခြေခံစားသောက်ကုန် ၁၂ မျိုးကို ယနေ့နံနက်ပိုင်းက ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် အလှူရှင်များမှလှူဒါန်းသော အခြေခံစားသောက်ကုန် ၁၂ မျိုးကို တပင်ရွာ၊ ထောက်ရှာပင်၊ ကျွဲသိုးမြောင်၊ ကျောက်တန်း၊ ရေမြက်၊ ရွာသာ၊ ရွာမကန်၊ ကန်ရေ၊ ကုန်းသာ၊ ဆင်ခေါင်း စသည့် ကျေးရွာများမှ အိမ်ထောင်စုတစ်စုလျှင် ဆန် ၄ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ ငါးသေတ္တာ ၁ ဗူး၊ အိုင်အိုဒင်းဆား ၁ ထုပ်၊ အချို့မှုန့် ၁ ထုပ်၊ ငံပြာရည် ၁ ပုလင်း၊ လက်ဖက် ၁ ထုပ်၊ ဆီကြော်စေ့ ၁ ထုပ်၊ နှမ်းလော် ၁ ထုပ်၊ လက်ဖက်ခြောက် ၁ ထုပ်နှင့် ကြက်ဉ ၅ လုံးတို့ကို အသင်းအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပရဟိတအသင်းဖွဲ့ လူငယ်မောင်မယ်များနှင့် အလှူရှင်များမှ လှူဒါန်းမှုများကို မင်းဘူးမြို့ပေါ်ရှိ သီလရှင်အပါး ၁၂၄ ပါးကို ၂ ကြိမ်၊ စကုမြို့ရှိ သီလရှင်အပါး ၅၁ ပါးကို ၁ ကြိမ်၊ ဆင်းရဲနွမ်းပါး မိသားစု (၂၂၅)စုအတွက် ၁ ကြိမ်၊ မင်းဘူးမြို့နှင့် စကုမြို့ရှိ ဝန်ထမ်းမိသားစု ၂၁၅ စုအတွက် ၁ ကြိမ်၊ ယခုလှူဒါန်းမှုသည် ၆ ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း တန်ဖိုးငွေကျပ် ၇၈ သိန်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကာ လိုအပ်သောနေရာများတွင် ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း လွတ်လပ်စွာပျော်ရွင်တတ်သော မင်းဘူးအဖွဲ့ထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)