ပွင့်ဖြူ     ၁၄    ဖေဖော်ဝါရီ       

 

မကွေးတိုင်းဒေသကြီး ၊ မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု ၊ အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့် ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာ မေတ္တာရှင် ပရဟိတအသင်းမှ နာယကဆရာတော် ဦးစန္ဒိမာ ဦးဆောင်၍ ပရဟိတ အသင်းသားများက ငွေကျပ် ၁၉ သိန်း တန်ဖိုးရှိ ဆန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက် ကူညီထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

 

6325

 

အဆိုပါ မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု ၊ အိုးပြင်မဲကျေးရွာသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က တောမီးလောင်မှု ဖြစ်ပွားရာမှ တစ်ဆင့် ကျေးရွာတွင်းရှိ လူနေအိမ်အလုံး ၇၀ ခန့် မီးကူးစက်လောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု ၇၆ စု ၊ မီးဘေးသင့်အိမ်ထောင်စု လူဦးရေ ကျား ၁၃၁ ဦး ၊ မ ၁၃၈ ဦး ၊ စုစုပေါင်း ၂၆၉ ဦး မီးဘေးသင့်ခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးထားကြောင်း သိရကာ မြို့နယ်အတွင်းရှိ စေတနာအလှူရှင်များ ၊ ရပ်ဝေးရပ်နီးမှ ပရဟိတလူမှုကူညီရေးအသင်းများကလည်း အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား နေရေးထိုင်ရေး ၊ စားရေးသောက်ရေး အဆင်ပြေစေရေး လာရောက် ကူညီလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။

 

မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်သွားနိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာ မေတ္တာရှင် ပရဟိတအသင်းမှ နာယကဆရာတော် ဦးစန္ဒိမာ ဦးဆောင်မှုဖြင့် ပရဟိတ အသင်းသားများက အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများကို တစ်အိမ်လျှင် ငွေကျပ် ၁၅၀ဝ၀ ၊ ဆန် ၃ ပြည် နှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်းနှင့် မီးဘေးသင့်အိမ်ထောင်စု(၇၆)စုအတွက် စုစုပေါင်း ငွေကျပ် ၁၉ သိန်း ခန့် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် (ညောင်ဦး)