မင်းဘူး ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က “ဒီနေ့ဆေးစတင်ထိုးတာကတော့ ပထမအကြိမ်အနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးတာဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေရော၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေရော၊ တိုင်းရင်းဆေးဝန်ထမ်း တွေရော အား/ကာ ဝန်ထမ်းတွေရော အပါအဝင် အားလုံး ၆၄၀ ကို ၃ ရက်အတွင်း အပြီးထိုးနှံမှာဖြစ်ပါတယ်။ ကာကွယ်ဆေးက နှစ်ကြိမ် ထိုးရတာ ဖြစ်တဲ့အတွက် ဒုတိယအကြိမ်ကိုလည်း သတ်မှတ်ရက်ပြည့်တာနဲ့ ဆက်လက်ထိုးနှံ ပေးသွား မှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
မင်းဘူး(စကု)မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများ၊ တိုင်းရင်းဆေး ဝန်ထမ်းများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများအပါအဝင် စုစုပေါင်း ဝန်ထမ်း ၆၄၀ ကို တစ်ရက်လျှင် ပျမ်းမျှ ၂၉၀ နှုန်းဖြင့် သုံးရက်ထိုးနှံပေးသွားမည်ဖြစ်ပြီး (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံခြင်းကို ရက်သတ္တ(၄)ပတ်ခြား၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)


