မင်းဘူး၊   ၂၇   ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဆောင်းကြက်သွန်များ အောင်မြင် ဖြစ်ထွန်း လျက်ရှိပြီး တောင်သူများအနေဖြင့် ဈေးကောင်းရရန်မျှော်လင့်နေကြောင်း ဒေသခံ တောင်သူများ ထံမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်ရှိ ဆားပွက်ချောင်းရိုးနှင့် မန်းချောင်းတစ်လျှောက် ကျေးရွာများနှင့် ပင်လယ်သက်၊ လက်ခုပ်ပင်၊ ဇကာနှင့် ပေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊  ဆောင်းကြက်သွန်များကို တန်ဆောင်မုန်းလနှင့် နတ်တော်လများတွင် စတင်စိုက်ပျိုးကြပြီး (ဒေသအခေါ်) ရွှေဖလားထိပ်မောက်မျိုးနှင့် ဘောင်စောက်မျိုးများကို စိုက်ပျိုးကြသည်။ မစိုက်ပျိုးမီ မြေညှိ၊ ဘောင်ခတ်၊ ရေသွင်းခြင်းများဆောင်ရွက်ရပြီးနောက် ဥပြန်စိုက်စနစ်(ဇော်မွှား)နှင့် ပျိုးပင်စိုက် စနစ်ဟူ၍ နှစ်မျိုးစိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးပြီးသုံးလခွဲခန့်အကြာတွင် နှုတ်သိမ်းရကြောင်း၊ ယခုအခါ ယာမြေများတွင် မြေအောက်ရေသွင်းစနစ်ဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မင်းဘူး(စကု)မြို့နယ်တွင် ယခင်နှစ် ဆောင်းကြက်သွန်ပေါ်ချိန်၌ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ ကျော်ဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် လက်ရှိကြက်သွန်ပေါက်ဈေး တစ်ပိဿာကို ငွေကျပ် ၄၀၀ သာ ရှိသဖြင့် ဆောင်းကြက်သွန်စိုက် တောင်သူများအနေဖြင့် ဈေးကောင်းရရန်မျှော်လင့် နေကြကြောင်း သိရသည်။

 

မောင်မောင် (မင်းဘူး)