မင်းဘူး             ၅    ဩဂုတ်     

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ​မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှ နေအိမ်ပြောင်းရွှေ့ ခဲ့ရသော ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ  ၃ နာရီက ညောင်စဉ်ဘုန်းတော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရား ဓမ္မာရုံတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်း၊ ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းတို့က ရေဘေးသင့် အိမ်ထောင်စု ၅၄၁ စု၊ လူဦးရေ ၁၇၈၀ အတွက် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၇၃၈၀၀၀ ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဩဂုတ် ၄ ရက်က မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်တွင် အိမ်ထောင်စုတစ်စုနှင့် လက်ပံတောကျေးရွာတွင် အိမ်ထောင်စု တစ်စုတို့ ထပ်မံ ပြောင်းရွှေ့ ခဲ့ရပြီး ယနေ့အထိ စုစုပေါင်းပြောင်းရွှေ့အိမ်ထောင်စုမှာ (၅၄၃) စုနှင့် လူဦးရေ (၁၇၉၁) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)