မင်းဘူး ၁၅ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့)နယ်တွင် မော်တော်ယာဉ်လိုင်းများကို မေ ၁၆ ရက်နေ့မှစ၍ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့် ပြုသွားမည်ဖြစ်ကြောင်း မင်းဘူးမြို့ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့မှ သိရသည်။
ကိုဗစ်-၁၉ ကာလတွင် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၁ ရက်မှ မေ ၁၅ ရက်အထိ ပြေးဆွဲခွင့် ခေတ္တယာယီပိတ်ထားပြီး မေ ၁၆ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စတင်ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်တစ်စီးတွင် ခရီးသည်တစ်ဝက်ဖြင့် ယာဉ်စီးခ နှုန်းထားများကို (၁)ဆခွဲနှုန်းဖြင့် သတ်မှတ်ပေးထားကြောင်း၊ ယာဉ်မထွက်ခွာမီ Sitting Plan များကို မဖြစ်မနေထားရှိရန်၊ ခရီးစဉ်လမ်းကြောင်းတစ်လျောက် အတက်/အဆင်းတိုင်း လက်သန့်ဆေးရည်ဗူးများ ထားရှိစေရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အသိပညာပေး CD များဖြင့် ဖွင့်လှစ်ပြသပေးသွားရန်၊ အဆိုပါ ညွှန်ကြားချက်များနှင့် သတ်မှတ်စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်နိုင်မှသာ တိုင်းဒေသကြီးကျော်လွန် ခရီးစဉ်များကို ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ထို့နောက် မင်းဘူး(စကု)မြို့နယ်အတွင်း အများပြည်သူသုံး မှန်လုံယာဉ်ကြီး ၁၄ လိုင်း၊ မှန်လုံယာဉ်ငယ် ၁၀ လိုင်းနှင့် ကုန်စည်ပို့ဆောင်ရေး ၈ လိုင်းရှိပြီး အဆိုပါယာဉ်လိုင်းများတွင် မော်တော်ယာဉ်အစီးရေ ၃၄၀ ကျော်ရှိကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


