မင်းဘူး၊ ၁၄ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် မေမြို့ပန်းစိုက်တောင်သူများသည် ပန်းများလှိုင်လှိုင်ပေါ်ပြီး ရောင်းအားလည်းကောင်းလို့ အဆင်ပြေကြကြောင်း ကျောက်တန်းကျေးရွာ ပန်းစိုက်တောင်သူများထံမှ သိရသည်။
ပန်းများမှာ စားသောက်ကုန်ပစ္စည်း မဟုတ်သော်လည်း မြန်မာလူမျိုးတို့အတွက် ဘုရားတင်၊ နတ်ဆက်၊ အလှူ၊ မင်္ဂလာ၊ ပွဲလမ်းသဘင်များအပြင် လူနေအိမ်များ၊ ပွဲရုံ၊ အလုပ်ရုံ၊ ဟော်တယ်၊ မိုတယ်တို့၏ ဧည့်ခန်းများတွင် လှပခန့်ညားစေရန် အလှပန်းအိုးများတွင် စိုက်ထိုးထားကြသော အသုံးအဆောင် ပစ္စည်းတစ်မျိုးလည်းဖြစ်သည်။
ပန်းများမှာ သူအမျိုးနှင့်သူ ပန်းအမျိုးပေါင်း များစွာရှိသော်လည်း မေမြို့ပန်းကို ငါးလလောက် အချိန်ယူစိုက်ပျိုးရပြီး ထွန်ယက်ခ၊ ပေါင်ဆွဲခ၊ ပျိုးပင်များ ပြန်လည်စိုက်ပျိုးခနဲ့ဆို တစ်ဧက ကျပ်သုံးသိန်းဝန်းကျင်လောက် ကုန်ကျကြောင်းလည်း သိရသည်။ ပန်းများကို ရေဖျန်းခြင်းမဟုတ်ဘဲ ရေသွင်းခြင်းစနစ် စိုက်ပျိုးပြီး မြေကြီးအစို အခြောက်အပေါ် မူတည်၍ ငါးရက်တစ်ခါ ခုနစ်ရက်တစ်ခါ စသည်ဖြင့် ရေသွင်းပေးရသည်။
ပိုးသတ်ဆေးများကိုတော့ ပိုးကျမှဖျန်းပြီး အပင်ကောင်းဆေးများလည်း စိုက်ပျိုးမည့်အချိန်တွင် နွားချေး၊ မြေဆွေးများ ခံထားသည့်အတွက် လိုအပ်မှသာ ပက်ဖျန်းပေးရကြောင်းလည်း သိရသည်။ ပန်းများပေါ်သည့် အချိန်တွင် တစ်ပြိုင်တည်း လှိုင်လှိုင်ပေါ်သည့်အတွက် နေ့စဉ်ရက်ဆက် ရောင်းချနေရပြီး မေမြို့ပန်းတစ်ပင် ၈၀ ကျပ် ၃ ပင်စည်း တစ်စည်းလျှင် ၂၀၀ ကျပ်ကို လှိုင်လှိုင်ရောင်းချနေရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ မေမြို့ပန်းစိုက်တောင်သူ ဒေါ်မြကြည်ထံမှ သိရသည်။
ဇေယျာထက် (မင်းဘူး)


