မင်းဘူး အောက်တိုဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရုံး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မင်းဘူး(စကု)မြို့နယ်အတွက် ၂၀၂၁ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းကို အောက်တိုဘာ ၂၉ ရက်တွင် အပြီးသတ် ထုတ်ချေးပြီးသွားပြီဖြစ်ကြောင်း မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ထိုသို့ တောင်သူများ၏ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာတွင် ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပြေကျေစွာ ပေးဆပ်ပြီးသူ တောင်သူများကိုသာ ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ကျန်သည့် တောင်သူများကိုလည်း ဆက်လက် ထုတ်ချေးပေးလာခဲ့ရာ ကျေးရွာအုပ်စု ၅၅ အုပ်စု၊ တောင်သူဦးရေ ၁၂၂၅ ဦးတို့ကို စပါးဧက ၃၁၂၇ ဧကနှင့် အခြားသီးနှံ စိုက်ဧကပေါင်း ၄၄၄၄ ဧကရှိ၍ စုစုပေါင်း ၇၅၇၁ ဧကအတွက် ငွေကျပ် ၉၁၃၄ ဒသမ ၅၀ သိန်းကို အပြီးသတ် ထုတ်ချေးပေးပြီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြစ်ပြီး အတိုးနှုန်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကာ ယခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အပြီးသတ် ထုတ်ချေးပေးခဲ့ပြီး၊ ထုတ်ချေးရာတွင်လည်း ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခြောက်ပေ အကွာတွင်  Mask များ တပ်စေ၍ တစ်ဦးချင်း စနစ်တကျ ထုတ်ပေးခဲ့ကြောင်း မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ဇင်ဝင်းမာထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)