မင်းဘူး ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် လယ်ယာမြေများတွင် ၂၀၂၄ ခုနှစ် မေလလယ်ခန့်က စတင်စိုက်ပျိုးထားသည့် မိုးနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းရရှိကြကြောင်း ရေပုတ်ကျေးရွာ နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် မေလလယ်ခန့်က ရွာသွန်းခဲ့သည့် မိုးရေအစိုဓာတ်ဖြင့် မိုးနှမ်းများကို စတင်ထွန်ယက် စိုက်ပျိုးခဲ့ကြပြီး နှမ်းသီးနှံရိတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းကာ နှမ်းဈေးနှုန်းများလည်း ဈေးကောင်းရရှိ၍ နှမ်းနက်တစ်တင်းလျှင် ကျပ် ၁၇၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၃၀၀၀၊ နှမ်းနီတစ်တင်းလျှင် ကျပ် ၁၂၃၀၀၀ ဈေးဖြင့် ရောင်းချရကြောင်း သိရသည်။
တောင်သူများအနေဖြင့် မိုးနှမ်းများရိတ်သိမ်းနေပြီး နှမ်းရိတ်သိမ်းပြီးချိန်တွင် ပဲတီစိမ်း၊ ပဲပုတ် စသည့်သီးနှံများကို ထပ်မံစိုက်ပျိုးသွားမည်ဟုသိရကာ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးညှပ်များ စိုက်ပျိုးရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုလည်း ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း ရေပုတ်ကျေးရွာ နှမ်းစိုက်တောင်သူ ကိုပြားကြီးထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)


