မင်းဘူး ၁၇ ဇွန်
ဒီမိုကရေစီခေတ်တွင် အစိုးရနှင့် ပြည်သူကြား ဆွေးနွေးတိုင်ပင်ရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ပြည်သူ့စကားဝိုင်းများကို စဉ်ဆက်မပြတ်ကျင်းပဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက ပြည်သူ့စကားဝိုင်းကျင်းပ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မင်းဘူး(စကု)မြို့နယ်တွင်း ပြည်သူ့စကားဝိုင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ဆွေးနွေးပြောကြားရာ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေး အကြောင်းအရာများနှင့် ပတ်သက်ပြီး အသိပညာပေးစေ လိုကြောင်း၊ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူး) မှ ဒုရဲမှူးမောင်မောင်သန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်ပြီး အသိပညာပေး ဟောပြောစေလိုကြောင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့နယ်တွင် ပြည်သူ့စကားဝိုင်း(Public Talk) ကို ဇွန်လ(၂၄) ရက်နေ့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် မင်းဘူးမြို့၊ အထက(၁)ကျောင်းတွင် လည်းကောင်း၊ ဇွန်လ (၂၅) ရက်နေ့တွင် စကုမြို့ အထကတွင် လည်းကောင်း၊ ဇွန်လ(၂၆) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုကျေးရွာ အထက(ခွဲ) ကျောင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ကျောက်စစ်ပုံကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ အသီးသီးတက်ရောက်ကြကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)
