မင်းဘူး ၂၁ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ်(၄) မကျီးချောင်း အနောက်ကုန်းရပ်ကွက်တွင် ရှင်မတောင်သနပ်ခါးမျိုး စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

သနပ်ခါးကို အပင်ပေါက် (သို့) ပျိုးပင်တစ်လခွဲသား အရွယ်မှစတင်ကာ စိုက်ပျိုးရသည်။ အရွယ်ရောက်မှစိုက်လျှင် အပင်ကြီးထွားနှုန်းနှေးပြီး ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတော့ပေ။ တစ်ပင်နှင့်တစ်ပင် ငါးပေ လေးပေ အကျယ်ထားပြီး အတန်းလိုက်စိုက်ပျိုးကြသည်။ တစ်လခွဲသားအရွယ်မှ စတင်စိုက်ပျိုးကာ (၇)နှစ်သား အရွယ်သို့ရောက်လျှင် ခုတ်လှဲရောင်းချလို့ရကြောင်း သိရသည်။

 

“ဦးလေးကတော့ သနပ်ခါးကို နှစ်ရှည်ပင်ဖြစ်ပေမဲ့ အပူပိုင်း ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ မြန်မာအမျိုးသမီးကလေးများ အလှပရေးရာအတွက်သာ အသုံးပြုသည့် ပစ္စည်းမဟုတ်ဘဲ ကလေးလူကြီး မိဘ ဘိုးဘွား လိမ်းကြံခြယ်သပြီး ဆေးဝါးများအဖြစ်နဲ့ပါ အသုံးပြုလို့ရသည့်အပြင် မြန်မာလူမျိုးများသာမက ကမ္ဘာအရပ်ရပ်မှ ခရီးသွားပြည်သူများကို မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ ထွက်ကုန်တစ်ခုအနေနဲ့ လက်ဆောင်ပစ္စည်းအဖြစ် ရောင်းချလို့ရနေတာကြောင့် စိုက်ပျိုးဖြစ်တာပါ” ဟု မကျီးချောင်းရပ်ကွက်နေ ရှင်မတောင်သနပ်ခါး စိုက်ပျိုးသူ ဦးထွန်းကြည်က ပြောသည်။

 

သနပ်ခါးကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ မြို့များဖြစ်သော ပခုက္ကူ၊ ရွှေဘို၊ မြင်းခြံ၊ အရာတော်၊ ပေါက်၊ ယင်းမာပင်၊ ရေစကြို စသော မြို့များတွင် စိုက်ပျိုးကြပြီး အရာတော်တစ်မြို့နယ်တည်းပင်လျှင် သနပ်ခါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါး စိုက်ဧကပေါင်း သုံးသိန်းကျော်ရှိကြောင်း သနပ်ခါးစိုက် တောင်သူများထံမှ သိရသည်။

 

ဇေယျာထက်(မင်းဘူး)