မင်းဘူး ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့ နံနက် ၈ နာရီက မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဖိုးရှိုးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးတွင်းကာလ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကူဆယ်ရေး လုပ်ငန်းများ အချိန်နှင့် တပြေညီ ဆောင်ရွက်နိုင်ရေး ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်ကာ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှပ်ပြေးယာဉ်စက်လှေ (၂)စီး၊ လူနာတင်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သရုပ်ပြဇတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးရုံးများနှင့် သက်ဆိုရာနယ်မြေခံ မီးသတ်စခန်းများသို့ အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြသည်။
မောင်မောင်(မင်းဘူး)


