မင်းဘူး    ဇန်နဝါရီ   ၈
       
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရှမ်းစုရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် မုန့်အမျိုးမျိုးပြုလုပ် ရောင်းချခြင်းမှ  စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း  မင်းဘူးမြို့ အမှတ် (၄) ရှမ်းစုရပ် အောင်မြင်သူမုန့် ပြုလုပ်ရောင်းချသည့် မိသားစုများထံမှ သိရသည်။

" ကျွန်တော်တို့ မုန့်ပြုလုပ်ရောင်းချတာ ၁၅ နှစ်ရှိပြီ ဖြစ်ပါတယ်။  အလုပ်သမား ၇ ဦးရှိကာ မိသားစု မုန့်လုပ်ငန်းလေးဖြစ်ပြီး မုန့် ၆ မျိုး ၇ မျိုးလောက်ပြုလုပ်ကာ ပဲကိတ်နဲ့ လမုန့်များကိုသာ အဓိကထားပြုလုပ်ရောင်းချပါတယ်။ ပေါင်မုန့်ရှည်ကြီးများကိုတော့ မှာတဲ့သူ အော်ဒါရှိမှ ပြုလုပ်ရောင်းချတယ်။ မုန့်များကို မင်းဘူးမြို့မှ ဈေးဆိုင်များကိုသာ အဓိကထား ပို့ရပြီး စကု၊ လယ်ကိုင်း၊ ပွင့်ဖြူ၊ လေးပင် စတဲ့ အနီးအနားရှိ မြို့များကိုလဲ ပို့ပေးရတဲ့အတွက် မိသားစု တစ်နိုင်တစ်ပိုင် မုန့်လုပ်ငန်းလေးနဲ့ အဆင်ပြေပါတယ် '' ဟု မင်းဘူးမြို့ ရှမ်းစုရပ်ကွက်မှ မုန့်အမျိုးမျိုးပြုလုပ်ရောင်းချသူ ကိုသိန်းဇော်က ပြောသည်။

ထိုသို့ပြုလုပ် ရောင်းချရာတွင် ပဲကိတ်၊ လမုန့်၊ ဆီကြော်မုန့်၊ ပေါင်မုန့်အမျိုးမျိုးနှင့် ကိတ်မုန့်အမျိုးမျိုး ပြုလုပ်ပြီး လိုအပ်သော ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ထောပတ်၊ ကြက်ဥ၊ ပဲယို၊ ရေ၊ ဆားအနည်းငယ်နှင့် ပွဆေးအနည်းငယ် ထည့်၍ ပြုလုပ်ရကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)