မင်းဘူး ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်သိန်းတို့က ပရဟိတလူမှုရေး အသင်းအဖွဲ့အစည်းများ အနေဖြင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မောင်းနှင်သွားလာကြရန် လိုအပ်ပါကြောင်း၊ မင်းဘူးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း)တွင် ယခုလ ၆ ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ မင်းဘူး(စကု)မြို့နယ်တွင် (၃၆)ဦး၊ ပွင့်ဖြူမြို့နယ်တွင် (၁၉)ဦး၊ စလင်းမြို့နယ်တွင် (၃၂)ဦး၊ ငဖဲမြို့နယ်တွင် (၆)ဦးနှင့် စေတုတ္တရာမြို့နယ်တွင် (၁)ဦး စုစုပေါင်း ၉၄ ဦးအထိ တွေ့ရှိခဲ့ပြီး စလင်းမြို့နယ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါသည် ပေါ့ဆ၍မရဘဲ အထူးအလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပရဟိတလူမှုရေး အသင်းအဖွဲ့ပေါင်း (၄၁)ဖွဲ့မှ Volunteer များမှ တစ်ဦးချင်းအလိုက် မိမိတို့ အသင်းအဖွဲ့စည်းများ၏ ပရဟိတလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေတင်ပြကြရာ တင်ပြလာမှုအပေါ် ကော်မတီဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပရဟိတလူမှုရေး အသင်းအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို မိမိတို့တတ်နိုင်သည့်ဘက်မှ ပူပေါင်းပါဝင် ကူညီဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ပေါင်း (၄၁)ဖွဲ့မှ Volunteer များ တက်ရောက်ခဲ့သည်။
မောင်မောင်(မင်းဘူး)


