မင်းဘူး    ၂၆    ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ (ဆိုင့်နေမင်း ကုမ္ပဏီလီမိတတ်) မိသားစု၊ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာအောင်မြင့်ဦးက (PPE) ဝတ်စုံ ၅၀ ကို ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း ခရိုင်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

 

“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ဆောင်နေကြတဲ့ ဆရာဝန်များနဲ့ ကျန်းမာရေး ဝန်ထမ်းအားလုံးကို ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်စေရန် ရည်ရွယ်ချက်နဲ့ နောက်ပြီးတော့ သူ့တို့တွေအားလုံး အခက်အခဲကြားထဲမှာ ကိုယ့်ကိုကျိုးမငဲ့ဘဲ အင်တိုက်အားတိုက်နဲ့ ကြိုးစာလုပ်ဆောင်နေကြရတာကိုမြင်တွေ့ရတော့ ကိုယ်ချင်းလည်းစာမိပါတယ်၊ ကျွန်တော် ကိုယ်တိုင်ကလည်း ဆရာဝန် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတော့ ကိုယ်ချင်းစာစိတ်နဲ့  လှူဒါန်းဖြစ်ခဲ့တာပါ၊ ယခု မင်းဘူးခရိုင်အတွက် PPEဝတ်စုံ အစုံ(၅၀) အပါအဝင် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ဖျားနာကုသဆောင်(၂) အတွက် အစုံ (၅၀)၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနတို့အတွက် အစုံ (၅၀) နဲ့ ထီးချိုင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို အစုံ(၅၀)၊ အားလုံး စုစုပေါင်းအနေနဲ့ PPEဝတ်စုံ အစုံ (၂၀ဝ)ကို ကျွန်တော်တို့ ကုမ္ပဏီမိသားစုမှ လှူဒါန်းခဲ့ပါတယ်၊ နောက်လည်း အမှန်တကယ်လို အပ်နေတဲ့ နေရာတွေကိုလည်း ဆက်လက်လှူဒါန်း ပေးသွားမှာပါ” ဟု အလှူရှင် ဒေါက်တာအောင်မြင့်ဦးက ပြောသည်။

 

ဆက်လက်၍ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများဖြစ်သည့် (PPE)ဝတ်စုံ ၅၀ စုံကို လှူဒါန်းပေးပါသော အလှူရှင်မိသားစုအား ခရိုင်အုပ်ချုပ်ရေးမှူးမှ  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူရှင်များမှလှူဒါန်းသော ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများအား မင်းဘူးခရိုင်အတွင်း လိုအပ်သောနေရာများတွင် ဆက်လက်ဖြန့်ဝေဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးထံမှ သိရှိရသည်။

 

မောင်မောင်(မင်းဘူး)