မင်းဘူး ၃ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ယာဉ်လိုင်စင်များ၊ မော်တော်ဆိုင်ကယ်လိုင်စင်များနှင့် ယာဉ်မောင်းလိုင်စင်များ၊ သက်တမ်းတိုး ဆောင်ရွက်ပြုလုပ်ပေးခြင်းနှင့် ယာဉ်ခဲခြစ်ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို ပြန်လည်ဆောင်ရွက်နိုင်ရန် သတ်မှတ်ညွှန်ကြား ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိလျက်ရှိကြောင်း မင်းဘူးခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနရုံးမှ သိရှိရသည်။
“ကျွန်တော်တို့ရုံးကို ၃၀-၃-၂၀၂၀ ရက် (တနင်္လာနေ့)မှစပြီး ဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်၊ ကိုဗစ်-၁၉ ကာလမှာ ပြန်လည်ဖွင့်လှစ်နိုင်ရေး သတ်မှတ် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ခရိုင်စစ်ရေးအဖွဲ့မှ စစ်ဆေးမှုခံယူပြီး ၎င်းအစီရင်ခံစာများကို ရုံးချုပ်သို့ တင်ပြသွားမှာဖြစ်ပါတယ်၊ ခွင့်ပြုချက်ရသည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအားလုံးကို ပြန်လည်စတင်ပြီး လုပ်ကိုင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ ခေတ္တယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ ကနဉီး မှတ်ပုံတင်ယာဉ်များရဲ့ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များအတွက် သက်တမ်းလွန်ဒဏ်ကြေးများစတဲ့ လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရေး တည်ဆဲဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ်ဖြေလျှော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ကာလမတိုင်ခင် သက်တန်းလွန်ကိစ္စရပ်များ အားလုံးကို ပုံမှန်ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါတယ်” ဟု မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဉီးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးမြင့်မော်က ပြောပါသည်။
COVID-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရုံးဝင်ပေါက်မှစ၍ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များတွင် လက်ဆေးစေခြင်း၊ အဝင်စာရင်း ကောက်ယူ ခြင်း၊ လုပ်ငန်းဆောင်ရွက်မည့်သူနှင့် ဆောင်ရွက်မည့် ယာဉ်များသာလျင် ရုံးအတွင်းသို့ ဝင်ရောက်ခွင်ပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ လုပ်ငန်းများဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများကို လိုက်နာဆောင်ရွက်နိုင်စေရန် စစ်ဆေးကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပြန်လည်စတင်နိုင်မည့် ရက်ကိုလည်း ပြည်သူများထံ ကြိုတင်အသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)


