မင်းဘူး     ၃၁   မတ်        

မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ယာဉ်လိုင်စင်များ၊ မော်တော်ဆိုင်ကယ်လိုင်စင်များနှင့် ယာဉ်မောင်းလိုင်စင်များ၊  သက်တမ်းတိုးဆောင်ရွက်ပြုလုပ်ပေးခြင်းနှင့် ယာဉ်ခဲခြစ်ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို ၃၀-၃-၂၀၂၀ ရက် (တနင်္လာနေ့)မှစ၍ ခေတ္တရပ်ဆိုင်းထားကြောင်း မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ရုံးအနေနဲ့ ခေတ္တရပ်ဆိုင်းထားရတဲ့ ရည်ရွယ်ချက်ကတော့ လာရောက် ဆောင်ရွက်သူတွေရော၊ ရုံးမှာရှိတဲ့ဝန်ထမ်းအားလုံးရော COVID-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် တစ်ဦးနဲ့တစ်ဦး ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးမဖြစ်အောင် ဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်ပါတယ်၊ ခေတ္တရပ်ဆိုင်းထားသည့် ကာလအတွက် လည်း ကနဉီးမှတ်ပုံတင်ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များအတွက် သက်တမ်းလွန် ဒဏ်ကြေးများအပါအဝင် လုပ်ငန်းဆိုင်ရာ များကို အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရေး တည်ဆဲဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ သုံးသပ်စိစစ်ဖြေလျှော့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု မင်းဘူးခရိုင်၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန၊ ခရိုင်ဦးစီးအရာရှိထံမှ သိရသည်။

အဆိုပါ လုပ်ငန်းဝန်ဆောင်မှုများနှင့်ပတ်သက်၍ ပြန်လည်စတင်နိုင်မည့်ရက်ကိုလည်း ပြည်သူများထံ ကြိုတင်ကြေညာအသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မောင်မောင်(မင်းဘူး)