မင်းဘူး သြဂုတ် ၂၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ယခုဘဏ္ဍာနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြိုနယ်နှင့် ငဖဲမြို့နယ်တို့တွင် မူလခွင့်ပြု ရန်ပုံငွေကျပ် ၄၉၉ ဒသမ ၉၇၉ သန်းဖြင့် ကုန်ထုတ်လမ်း ၁၂ လမ်း၊ လမ်းအရှည် ၁၀ မိုင် ၀.၉ ဖာလုံ၊ တံတား ၁၁ စင်း၊ အရှည် ၃၀၂ ပေ၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၆၃ ဒသမ ၉၅၄ သန်းဖြင့် ကုန်ထုတ်လမ်း ၂ လမ်း၊ လမ်းအရှည် ၄ မိုင် ၅.၅ ဖာလုံ၊ မြေထိန်းနံရံ ၁ ခု၊ အရှည် ၂၀၀ ပေ၊ စုစုပေါင်းရန်ပုံငွေကျပ် ၅၆၃ ဒသမ ၉၃၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ကုန်ထုတ်လမ်း၊ တံတားများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ကျေးရွာ ၄၅ ရွာ၊ လူဦးရေ ၂၇၃၀၅ ဦး၊ လယ်ယာဧကပေါင်း ၃၃၆၇၉ ဧကမှ ထွက်ရှိသော သီးနှံများကို ရာသီမရွေး အချိန်တိုအတွင်း စျေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်သောကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးတင့်လွင်ဦးထံမှ သိရသည်။

 

အထွေး