မင်းဘူး ၁၁ ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန်နှင့် နွေရာသီကာလတွင် ရေရှားပါးမှုကင်းဝေးစေရန် ရည်ရွယ်ပြီး ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီနေပြီဖြစ်ကြောင်း အဆိုပါဦးစီဌာနမှ သိရသည်။

 

မင်းဘူးခရိုင်အတွင်း သောက်သုံးရေရရှိရေးအတွက် မင်းဘူးမြို့နယ်တွင် စိုင်ရှင်ကျေးရွာ၊ ကမ်းနီကျေးရွာ၊ ပိုက်သင်ကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာနှင့် လေးပင်ကျေးရွာတို့တွင် လည်းကောင်း၊ ပွင့်ဖြူမြို့နယ်တွင် ကံရွာကျေးရွာတွင် လည်းကောင်း၊ စလင်းမြို့နယ်တွင် တမာချောင်ကျေးရွာ၊ မင်းလျင်ကျေးရွာ၊ အိုးထိန်းကျေးရွာ၊ ရေလဲကျေးရွာ၊ ကုက္ကိုကျင်းကျေးရွာနှင့် အရှေ့ကုန်းကျေးရွာတို့တွင် လည်းကောင်း၊ ငဖဲမြို့နယ်တွင် ဆားပေါက်ကျေးရွာ၊ ပဘွေးကျေးရွာ၊ မကန်းကျေးရွာ၊ ဝန်ကျေးရွာနှင့် ကျောက်ဆုံကျေးရွာတို့တွင် လည်းကောင်း၊ စေတုတ္တရာမြို့နယ်တွင် ကံဇင်းကျေးရွာ၊ နဘဲတုန်းကျေးရွာ၊ စင်းချောင်းကျေးရွာနှင့် နတ်ကြီးကျေးရွာတို့တွင် လည်းကောင်း စုစုပေါင်း ကျေးရွာ ၂၁ ရွာတွင် ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါရေရရှိလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၁၂ ခု၊ လက်တူးတွင်းကျယ် တူးဖော်ခြင်းလုပ်ငန်း ၂ ခု၊ စိမ့်စမ်းသွယ်ယူခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ၆ ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၁ ခုတို့အား ခွင့်ပြုရန်ပုံငွေကျပ် ၃၉၂ ဒသမ ၉၆၇ သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများ ၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

 

ရေရရှိရေးလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးပါက ယင်းကျေးရွာ ၂၁ ရွာရှိ အိမ်ခြေ ၂၂၇၆၊ လူဦးရေ ၁၀၃၀ဝ အား နွေရာသီ ကာလရေရှားပါးမှုမှ ကင်းဝေး၍ သောက်သုံးရေ ဖူလုံတော့မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)