မင်းဘူး ၁၃  ဇွန်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ကျေးရွာ ၇၂ ရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေကျပ် ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို မင်းဘူးခရိုင်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ယခုဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း  ၁၈၄ ရွာအား ပံ့ပိုးငွေများပေးအပ်ခဲ့ပြီး  ၎င်းစီမံကိန်းကို ကျေးရွာပြည်သူများမှ ရွေးချယ်တင်မြောက်သော ကော်မတီဝင်များ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် စီမံကိန်းထောက်ပံ့ငွေနှင့် ကျေးရွာလူထုမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ပြီး ကျေးရွာပြည်သူများ ကိုယ်တိုင် မိမိတို့ကျေးရွာ၏ အဓိက ဆောင်ရွက်ရန်လိုအပ်သော လမ်းတံတား၊ ရေရရှိ​​ရေး၊ မီးလင်း​ရေးနှင့် ခန်းမဆောင် စသည့် လုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ထည့်သွင်းကာ လုပ်ငန်းစီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ရသည့် စီမံကိန်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း လိုအပ်သော နည်းပညာအထောက်အပံ့များကို ကြီးကြပ်ပံ့ပိုးပေးလျက်ရှိကြောင်း  သိရသည်။

 

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူများက ကျေးရွာ ၇၂ ရွာကို အတည်ပြုရွေးချယ်ခဲ့ပြီး ယင်းကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် လမ်းလုပ်ငန်း ၄၁ လမ်း၊ တံတား ၂ စင်း ၊ ရေပေးရေးလုပ်ငန်း ၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၉ ခု၊ စာသင်ကျောင်းဆောင် ၂ ခု ၊ အခြားလုပ်ငန်၂  ခု နှင့် ဘက်စုံသုံးခန်းမ ၆ ခု စုစုပေါင်းလုပ်ငန်းခွဲ ၇၆ ခုတို့အား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူများထည့်ဝင်ငွေ စုစုပေါင်းငွေကျပ်  ၈၂၅ ဒသမ ၃ သန်းကျော်ဖြင့် မတ်လ ဒုတိယပတ်မှ စတင်ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၈ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ် ဟု မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က ပြောပြ၍ သိ​ရသည်။

သူရိန်(မင်းဘူး)