မင်းဘူး ၁၂ ဧပြီ        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမင်းသန့်နှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့မရဲစခန်းအပိုင် နယ်မြေအတွင်းရှိ ကျေးရွာအုပ်စု ၁၉ အုပ်စုတို့တွင်  အခြေခံစားသောက်ကုန် ၅ မျိုး ဖြန့်ဝေပေးနေခြင်း ဆောင်ရွက်မှုများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က  လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ 

 

ထိုသို့ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြက်သွန် အစရှိသည့် ပစ္စည်း ၅ မျိုးအား ဖြန့်ဝေပေးနေခြင်းကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွာခွဲ တာဝန်ခံများ၊ ဆယ်အိမ်မှူးများမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အခြေခံလူတန်း စားများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသော ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြက်သွန် အစရှိသော စားသောက်ကုန်ပစ္စည်း ၅ မျိုး ဖြန့်ဝေပေးရာနေရာများသို့ မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမင်းသန့်၊ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြည်မြင့်၊ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်တို့မှ လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရှိရသည်။


ကျော်စိုးဝင်း(မင်းဘူး)