မင်းဘူး စက်တင်ဘာ ၂၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက မင်းဘူးခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၀၀ ကျော်ကို အကျိုးပြုနိုင်မည့် ကျေးရွာချင်းဆက်လမ်း ၂၆ လမ်းနှင့် ကျေးရွာချင်းဆက် တံတား ၃၆ စင်းကို ခွင့်ပြုငွေကျပ် ၄၅၆၆ ဒသမ ၆၅၃ သန်း အသုံးပြုကာ ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်တံတားများကို နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများ လျာထား၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် မင်းဘူးခရိုင်အတွင်း မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ စသည့် မြို့နယ်ငါးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း လုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ကိုးခု၊ ဂဝံ/မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၁၆ ခု စုစုပေါင်းလမ်းလုပ်ငန်း ၂၆ ခု လမ်းအရှည် ၄၉ မိုင် ဖောက်လုပ်ခြင်းနှင့် ကျေးရွာချင်းဆက်တံတားများဖြစ်သည့် ကွန်ကရစ်တံတား ငါးစင်း၊ ဘေလီတံတား တစ်စင်း၊ ရေကျော်တံတား လေးစင်း၊ Box Culvert ၁၉ စင်း၊ ရေမြှုပ်တံတား နှစ်စင်း စုစုပေါင်းတံတား ၃၆ စင်း တံတားအရှည် ၃၂၀၆ ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၈၉၁ ဒသမ ၇ သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၆၇၄ ဒသမ ၉၅၃ သန်း စုစုပေါင်းငွေကျပ် ၄၅၆၆ ဒသမ ၆၅၃ သန်း အသုံးပြုကာ ပစ္စည်းတင်ဒါ၊ လုပ်ငန်းတင်ဒါစနစ်ဖြင့် ဇူလိုင်လမှ စတင်ကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ယာယီခရိုင်တာဝန်ခံ ဒေါ်ရီအေးခိုင်ထံမှ သိရသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းနှင့် တံတားများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂၁၃ ရွာ၊ အိမ်ခြေ ၃၈၁၉၇ လူဦးရေ ၁၇၀၃၃၃ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)