မင်းဘူး မေ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅ ရွာ၌ ရေရရှိရေးလုပ်ငန်း ၁၅ ခုကို ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၂၈၃ ဒသမ ၅၇ သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မင်းဘူးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာ၌ ပေ ၂၅၀ စက်ရေတွင်းတူးဖော်ခြင်း၊ မုန်တောင်ရွာသစ်ကျေးရွာ၌ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ပွင့်ဖြူမြို့နယ်၊ ကံရွာကျေးရွာ၌ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆင်လူး(မ)ကျေးရွာ၌ 3HP ရေမြှုပ်ပန့် လဲလှယ်တပ်ဆင်ခြင်း၊ စလင်းမြို့နယ်၊ ပေါက်ခြုံကျေးရွာ၊ ကဒါန်းကျေးရွာနှင့် ဂုံညှင်းနွယ်ကျေးရွာတို့တွင် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ငဖဲမြို့နယ်၊ စာတက်ကူကျေးရွာ၌ ပေ ၂၀၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ကုန်းသာကျေးရွာ၌ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ စေတုတ္တရာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၌ ပေ ၃၅၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မကြီးစုကျေးရွာ၌ ပေ ၁၅၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ အင်ဂျင်ပန့်တပ်ဆင်ခြင်း၊ ကုန်းတရားကျေးရွာ၌ ပေ ၄၀ လက်တူးတွင်းတူးဖော်ခြင်း၊ ခွေးမလောင်ကျေးရွာ၌ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ လုံးပေါကျေးရွာ၌ ပေ ၃၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ခြင်ပစ်ကိုင်းကျေးရွာ၌ ပေ ၅၀၀၀ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၂၈၃ ဒသမ ၅၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။
မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ရေရရှိရေးလုပ်ငန်း ၁၅ ခု ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေ ၉၂၅၇ အိမ်၊ လူဦးရေ ၁၀၈၇၈ ဦးအတွက် သောက်သုံးရေ ဖူလုံစွာ အကျိုးပြုမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇင်မာ