မင်းဘူး ၇ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းခရိုင်အတွင်းရှိ ကျေးရွာ ၂၀ တွင် ကျေးလက်ဒေသမီးရရှိရေး တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်ကို မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နယ်မှ ဝက်မြေကန်ကျေးရွာတွင် လည်းကောင်း၊ စလင်းမြို့နယ်မှ သနပ်ကုန်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာ၊ ငလှိုင်တွင်းရွာသစ်ကျေးရွာ၊ ကင်မွန်းခြုံကျေးရွာ၊ ကျောက်ရဲကျွန်းကျေးရွာနှင့် သူဌေးကုန်းကျေးရွာတို့တွင် လည်းကောင်း၊ ငဖဲမြို့နယ်မှ မရိုးကန်ကျေးရွာ၊ မာန်အောင်ကျေးရွာ ကံရွာကျေးရွား၊ ညောင်ကိုင်းကြီးကျေးရွာ၊ စည်သာကျေးရွာ၊ ဆူးပဒေါင်းကျေးရွာနှင့် ကံပေါက်ကျေးရွာတို့တွင် လည်းကောင်း၊ စေတုတ္ထရာမြို့နယ်မှ လုံးကြီးအနောက် ကျေးရွာ၊ ဒိုင်းကျေးရွာ နန်ကြူကျေးရွာ၊ ညောင်ပင်ကျင်းကျေးရွာနှင့် ပေါက်ချောင်းကျေးရွာ အသီးသီးတို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အတွင်း တပ်ဆင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် မင်းဘူးမြို့နယ်မှ ဝတ်မြေကန်ကျေးရွာနှင့် စေတုတ္ထရာမြို့နယ်မှ လုံးကြီးအနောက် ကျေးရွာများတွင် တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဆိုလာစနစ်ကို တပ်ဆင်ပြီးပါက မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၂၀ မှ အိမ်ခြေ ၁၁၄၈ လုံးနှင့် အများပြည်သူပိုင် နေရာများဖြစ်သော လမ်းမီးများ၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အအုံများ မီးရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်