မင်းဘူး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆) လအတွင်း တိုင်းဒေသကြီးဘဏ္ဍာရံပုံငွေ (မီနီဘတ်ဂျက်) မှ ခွင့်ပြုငွေ ကျပ်သန်းပေါင်း (၁၃၀၀၀) ကျော်ဖြင့် မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍအလိုက် လုပ်ငန်းအရေအတွက် အမျိုးအစားပေါင်း (၂၉၃) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်တို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လအတွင်း ဆောင်ရွက်ရမည့် ဒေသန္တရ စီမံကိန်းရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်းနှင့် စေတုတ္တရာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲအကောင်အတည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ခရိုင်နှင့်မြို့နယ် (၅) မြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆) လအတွင်း တိုင်းဒေသကြီးဘဏ္ဍာရံပုံငွေ (မီနီဘတ်ဂျက်) ဖြင့် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ အားကစား၊ သစ်တော၊ လျှပ်စစ်၊ လမ်းတံတား၊ ကျေးလက်ဒေသ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး စသည့် အခန်းကဏ္ဍများအလိုက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ မီနီဘတ်ဂျက်မှ ခွင့်ပြုငွေ ကျပ်သန်းပေါင်း (၁၃၀၈၉ ဒသမ ၆၅၇) ကျပ်သန်းဖြင့် လုပ်ငန်းအရေအတွက် အမျိုးအစားပေါင်း (၂၉၃) ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)


