မင်းဘူး အောက်တိုဘာ ၁၅

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချ နိုင်စေရေးတို့အတွက် ယခုနှစ် ဆောင်းနေကြာသီးနှံကို ဧကပေါင်း တစ်သိန်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးက ပြောသည်။

 

ခရိုင်အတွင်းရှိ မြို့နယ်များ၌ ယခုနှစ် ဆောင်းနေကြာသီးနှံကို လျာထားချက် ပြည့်မီစွာစိုက်ပျိုး နိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

 

အဆိုပါ ဆောင်းနေကြာစိုက်တောင်သူများအား နိုင်ငံတော်အစိုးရက ဆောင်းနေကြာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးထားသည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်အတွင်း၌ မြစိမ်းရောင်နေကြာစိုက်ပျိုးနိုင်ရန် ကျေးရွာပေါင်း (၂၁)ရွာမှ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူ များအတွက် ငွေ (၃၈၀)ကျပ်သန်းကို ကော်မတီဖွဲ့စည်း၍ ထုတ်းချေးပေးသွာမည်ဖြစ်ကြောင်း၊ ထို့အပြင် ယူရီးယာဓာတ်မြေဩဇာများကို နှစ်ဧက တစ်အိတ်နှုန်းဖြင့် လစဉ်ခွဲတမ်းအလိုက် မြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးအဖွဲ့၏ သတ်မှတ်ဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ယခုနှစ် ဆောင်းနေကြာသီးနှံကို မင်းဘူး (စကု)မြို့နယ်က (၃၃၅၀၄)ဧက၊ ပွင့်ဖြူမြို့နယ်က (၂၆၇၅၅)ဧက၊ စလင်းမြို့နယ်က (၃၆၆၂၂)ဧက၊ ငဖဲမြို့နယ်က (၂၃၉၈)ဧကနှင့် စေတုတ္တရာမြို့နယ်က (၅၄၆၆)ဧက စုစုပေါင်း (၁၀၄၇၄၅)ဧကအထိ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ သိရသည်။

မောင်မောင်(မင်းဘူး)