မင်းဘူး     မတ်     ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး RC လေးထပ်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်မှု လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးအောင်မြင့်က ပြောပြသည်။

စုပေါင်းရုံး RC လေးထပ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၂၁၃၅ သန်းဖြင့် ၂၀၂၁ ခုနှစ် မေ ၂ ရက်က စတင်ဆောက်လုပ်ခဲ့ကြောင်း၊ အလျား ၁၅၆ ပေ x အမြင့် ၇၈ ပေ ၆ လက်မဖြစ်ပြီး ကြမ်းခင်းဧရိယာ ၅၀၉၁၈ စတုရန်းပေ ကျယ်ဝန်းကြောင်း၊ ယခုလက်ရှိ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးနေပြီဖြစ်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဦးအောင်မြင့်ထံမှ သိရသည်။

“စုပေါင်းရုံး လေးထပ်ဆောင် မြေညီထပ်မှာ မြို့နယ်ထွေ/အုပ်ရုံး၊ ခရိုင်ဥပဒေရုံး၊ One Stop Service အဖွဲ့နဲ့ စာပေးစာယူဌာန၊ ပထမထပ်မှာ ခရိုင်လဝကရုံး၊ ခရိုင်/မြို့နယ်ကော်မရှင်ရုံး၊ ခရိုင်ငါးလုပ်ငန်း၊ မြို့နယ်အခွန်ရုံးနဲ့ စုပေါင်းအစည်းအဝေးခန်းမ၊ ဒုတိယအထပ်မှာ ခရိုင်/မြို့နယ်သစ်တောရုံး၊ မြို့နယ်ဥပဒေရုံးနဲ့ ခရိုင်လယ်/စီရုံးတွေ၊ တတိယအထပ်မှာ ခရိုင်ထွေ/အုပ်ရုံးတို့ကို အသီးသီး နေရာချထား ပေးသွားမှာဖြစ်ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက‌ ပြောပြသည်။

မောင်မောင်(မင်းဘူး)