မင်းဘူး    ၄  အောက်တိုဘာ   

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ကျေးရွာပေါင်း ၇၅ ရွာတို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် တည်ဆောက်သည့်လုပ်ငန်းများမှာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

အဆိုပါကျေးရွာ ၇၅ ရွာတွင် လမ်းတံတားလုပ်ငန်း ၄၅ ခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ၂၀ ခု၊ ရေရရှိရေးလုပ်ငန်း ၂ ခု၊ စာသင်ကျောင်းဆောင် ၂ ခု၊ စာကြည့်တိုက် ၂ ခု၊ ဘက်စုံသုံးခန်းမ ၅ ခု လုပ်ငန်းခွဲစုစုပေါင်း ၈၁ ခု တို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သန်း (၇၅၀) နှင့်ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၄၆ ဒသမ ၉)သန်း စုပေါင်း၍ မေလမှစတင်ကာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီနှင့် ကျေးရွာပြည်သူလူထု ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ပြီးစီးခြင်း ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး ထံမှ သိရသည်။

 

ယင်လုပ်ငန်းများပြီးစီးသောကြောင့် မြို့နှင့်အလှမ်းကွာဝေးသော ကျေးရွာများတွင် အခမ်းအနားများ၊ ဘာသာရေးပွဲများနှင့် အစည်းအဝေးပွဲများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ပြီး နောင်မျိုးဆက်သစ်လူငယ်တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သူရိန်(မင်းဘူး)