မင်းဘူး ၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ထားပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် ၆၉ ဆိုင်ကို ဒီဇင်ဘာ ၅ ရက်က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအတွင်း အပူချိန်တိုင်းကိရိယာထားရှိမှု၊ လက်ဆေးဘေစင်ထားရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ Social Distancing နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အကန့် ကန့်ထားရှိမှု၊ တစ်ခါသုံးပစ္စည်းများ ပိုးသတ်ထားရှိမှု၊ အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ထားမှု၊ ကောင်တာရှေ့တွင် မှန်ကာထားရှိမှု၊ စားပွဲပေါ်တွင် Hand gel ထားရှိမှု၊ Menu ထားရှိမှု၊ နှာခေါင်းစည်းနှင့် Face Shield တပ်ဆင်ရောင်းချမှု၊ သန့်စင်ခန်းအတွင်း ရေနှင့်လက်ဆေးဆပ်ပြာထားရှိမှု စသည့်အချက်များကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
“ဖွင့်လှစ်ခွင့် မရရှိတဲ့ (A အဆင့်မရှိတဲ့) စားသောက်ဆိုင်တွေကတော့ ပါဆယ်စနစ်နဲ့သာ ရောင်းချရမှာ ဖြစ်ပါတယ်။ အဲဒီဆိုင်တွေက A အဆင့်တိုးမြှင့်ပြင်ဆင်ပြီး ဖွင့်လှစ်ခွင့်တင်ပြလာရင် စစ်ဆေးရေးအဖွဲ့ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမယ်ဆိုရင် ဖွင့်လှစ်ခွင့်ပြုပေးသွားမှာပါ။ စားသောက်ဆိုင်အားလုံး စည်းကမ်း လိုက်နာမှုရှိအောင် အပတ်စဉ် ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု မြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်ပေါင်း ၁၀၆ ဆိုင်ရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် ၆၉ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)


