မင်းဘူး နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ငါးလုပ်ငန်းဦးစီးဌာနမှ စီစဉ်ကြီးကြပ်မှုဖြင့် ဧရာဝတီမြစ်အတွင်း ငါးသားပေါက်အကောင်ရေ သုံးသိန်းစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းအရှေ့ဘက် ဧရာဝတီမြစ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန်နှင့် ငါးရိက္ခာ ပိုမိုစားသုံးနိုင်စေရန်အတွက် ဧရာဝတီမြစ်အတွင်းသို့ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းစခန်း၌ သားဖောက်ထားသော နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၃၀၀,၀၀၀) မျိုးစိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ခရိုင်/မြို့နယ်စီချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မေသန္တာဝင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ/မြို့နယ် ဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပါဝင်၍ ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


