မင်းဘူးမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီဆွဲနည်းသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြား

မင်းဘူး မတ် ၂၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မတ် ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် အခြေခံပန်းချီဆွဲနည်းသင်တန်းကို လည်းကောင်း၊ မွန်းလွဲ ၄ နာရီတွင် အခြေခံအင်္ဂလိပ်စာသင်တန်းကို လည်းကောင်း စတင်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာရေးခြင်း၊ စာဖတ်ခြင်းများနှင့် စာကျက်ခြင်းများအပြင် မိမိတို့ဝါသနာပါသည့် အသိပညာ၊ အတတ်ပညာများဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အခြေခံပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပန်းချီဆရာ ဦးဝင်းချိုက အခြေခံပန်းချီဆွဲနည်းများကို လည်းကောင်း၊ ဆရာ ဦးမင်းသစ်ထွန်းက အခြေခံ English Grammar သင်တန်းများကို လည်းကောင်း သင်ကြားပို့ချခဲ့သည်။

 

အဆိုပါ သင်တန်းများကို မတ် ၂၀ ရက်မှ ဧပြီ ၂ ရက်အထိ နှစ်ပတ်ကြာ အခမဲ့ သင်ကြားပို့ချသွားမှာဖြစ်ပြီး အခြေခံပန်းချီသင်တန်းအတွက် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၀ နှင့် အခြေခံအင်္ဂလိပ်စာသင်တန်းအတွက် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၅ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)