မင်းဘူး ၁၆ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးရန်အတွက် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်မီးသတ်ဉီးစီးဌာနတို့ ပူးပေါင်းပြုလုပ်‌သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မင်းဘူးမြို့ စည်ပင်သာယာဈေးအနီးရှိ ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို မင်းဘူးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဉီးဝင်းနိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရင်းများကို ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဉီးစီးမှူး ဉီးစိန်ထွန်းက ဈေးမီးလောင်မှုကြီးများ ဖြစ်ပွားရသည့် အကြောင်းအရင်းဆိုင်ရာ လေ့လာတွေ့ရှိချက်များ၊ မီးငြှိမ်းသတ်နည်းများ၊ ဈေးများ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရမည့် အချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်မီးသတ်ဉီးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးထွန်းထွန်းက မီးစတင်လောင်ကျွမ်းပုံ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများကို ပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဉီးစီးဌာနမှ မီးသတ်ယာဉ်လေးစီးတို့ဖြင့် လက်တွေ့သရုပ်ပြပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)