မင်းဘူး၊ ၇  ဒီဇင်ဘာ      

           

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်နေသည့် မြို့တော်ခန်းမအဆောက်အအုံ ဆောက်လုပ်နေမှုနှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရယူသုံးစွဲနိုင်ရေး ကျောက်တန်းရေစက်ရုံ ရေဖြန့်ဝေပေးမှု အခြေအနေအား ဒီဇင်ဘာ ၇ ရက် ၊နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင် (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

           

မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် တင်ဒါရရှိသည့် ရဲမာန်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော အလျား ၁၄၁ ပေ၊ အနံ ၆၈ ပေ ရှိ Steel Sructure အမျိုးအစား မြို့တော်ခန်းမအဆောက်အအုံ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက မြို့တော်ခန်းမဆောင်သစ် တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမ အဆောက်အအုံအား လုပ်ငန်းအရည်အသွေးပြည့်မီရေး ကြိုးပမ်းဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားသည်။

           

အဆိုပါ မြို့တော်ခန်းမဆောင်သစ် အဆောက်အအုံအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၆၅၀ ဖြင့် တင်ဒါအောင်မြင်သည့် ရဲမာန်ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်တွင် စတင် ဆောက်လုပ်ခဲ့ရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

           

တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မင်းဘူးမြို့၊ ကျောက်တန်းရေစက်ရုံသို့ သွားရောက်ပြီး မင်းဘူးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သောက်သုံးရေ ဖြန့်ဝေပေးရာတွင် လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ရေစက်ရုံအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး စနစ်တကျ လုပ်ကိုင်ကြရန်နှင့် ရေစက်ရုံရှိစက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းသွားကြရန် ရေစက်ရုံရှိ ဝန်ထမ်းများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင်(ညောင်ဦး )