မင်းဘူး ၂၄ မတ်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများနှင့်အညီ ပထမရက်နှင့် ဒုတိယရက်များတွင် လူစုလူဝေးများပြားစွာဖြင့် စုပြုံထုတ်ယူခြင်း မပြုကြရန် မေတ္တာရပ်ခံ ပန်ကြားထားကြောင်း၊ တစ်ကြိမ်လျှင် လူဦးရေ ၁၀ ယောက်နှုန်းဖြင့် ဘဏ်ထဲသို့ ဝင်ရောက်စေခြင်း၊ ဘဏ်ရုံးသို့ လာရောက်ကြသူများအား အမိုးအကာများ ဆောင်ရွက်ထားရှိပြီး ထိုင်ခုံများကို သုံးပေခြား အကွာအဝေးထားရှိပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးရန် ဘေစင်နှင့် လက်ဆေးဆပ်ပြာရည်များ၊ အမှိုက်ပုံးများထားရှိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်အေးအေးကြိုင်က ပြောသည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်းကို ခရိုင်ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၊ ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်အေးအေးကြိုင်နှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)