မင်းဘူး ၁၄ ဇန်နဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် မကွေးတိုင်းဒေသကြီး အတွင်းရှိ ရေနံပေတိမ် လက်ယက်တွင်း လုပ်ငန်းရှင်များအား ရေနံတူးဖော်ထုတ်လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မင်းဘူးမြို့၊ မန်းရေနံမြေ လုပ်သားအပန်းဖြေရိပ်သာတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတသဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်(စွမ်းအင်) ဦးဌေးအောင်က ပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနသည် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရေနံပေတိမ် လက်ယက်တွင်း တူးဖော်လုပ်ကိုင်ခွင့်ကို ၂၀ဝ၄-၂၀ဝ၅ ခုနှစ်မှ စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ရေနံလက်ယက်တွင်းဆိုင်ရာ ဉပဒေပါ စည်းကမ်းချက်များအတိုင်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ တူးဖော်ခွင့်လိုင်စင်များကို စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းက ရေနံတူးဖော်ရာတွင် စနစ်တကျရှိစေရေးနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေး လိုက်နာရမည့် နည်းစဉ်များ၊ ရေနံမြေရဲတပ်ဖွဲ့ ရဲမှူးကြီးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ဆောင်ရွက်ရမည့် အစီအမံများအား ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ရေနံတူးဖော်ရာတွင် စနစ်တကျရှိစေရေး၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကဏ္ဍလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပေါက်မြို့နယ် သရက်ကန်ရေနံမှော်နှင့် မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်ရှိ ရေနံပေတိမ် လက်ယက်တွင်း တူးဖော်နေမှု အခြေအနေအား အထွေထွေမန်နေဂျာဦးရဲနိုင်က ရှင်းလင်းပြောကြားခဲ့သည်။ ၄င်းနောက် လုပ်ငန်းရှင်များအား မန်းရေနံမြေ GEFCO(1) ပေတိမ် တွင်းတူးစက်ဖြင့် ရေနံတွင်းတူးရာတွင် လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့ပြီး သိရှိလိုသည်များအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးသည့် အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတသဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဒုတိယဦးဆောင်ညွှန်ကြား၊ ရေးမှူး ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရေနံပေတိမ် လက်ယက်တွင်း လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)