မင်းဘူး နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်း လပြည့်နေ့ (နိုဝင်ဘာ ၁၈ ရက်) ညနေ ၆ နာရီက ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ခဲ့ကြပြီး တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အထင်ကရနေရာများတွင် ဘုရားဖူးလာရောက် လည်ပတ်ကြသူများဖြင့်စည်ကားခဲ့ကြောင်း ရှင်ပင်စက္ကိန်းတဲစေတီတော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဆီမီးပူဇော်ရာတွင် မင်းဘူးခရိုင်၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ ဦးဆောင်၍ ဘုရားဂေါပက အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်သူများက ဆီမီး ၅၀၀၀ ကို ဘုရားပရိဝုဏ်အတွင်း ထွန်းညှိ ပူဇော်ခဲ့ကြပြီး ဘုရားဖူးလာရောက်ကြသူများကို ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုပေါင်း၍ ကြဆံချက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလနှင့် တန်ဆောင်မုန်း လပြည့်နေ့၌ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အထင်ကရနေရာများဖြစ်သော မန်းရွှေစက်တော်ဘုရား၊ ရှင်ပင်စက္ကိန်းတဲစေတီတော်၊ နဂါးပွက်တောင်တော်၊ ရှင်မင်းပူးစေတီတော်၊ ရှင်ပင်ချမ်းသားကြီးစေတီတော်နှင့် ဘုရားကျောင်းကန် စေတီပုထိုးစသည့် အထင်ကရနေရာများတွင် ဥပုသ်သီလ ဆောက်တည်ကြသူများ၊ ပရိတ်/ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ကြသူများ၊ အလှူအတန်းနှင့်ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကြသူများအပြင်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်ကြသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)