မင်းဘူး ၁၀ မေ            

မိုးရာသီ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ထောက်ရှာပင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

“ရေကန်ထဲကို အဘိတ်ဆေး ထည့်ပြီးသွားရင် ကိုယ့်ရဲ့ရေကန်က သန့်သန့်ရှင်းရှင်း ရှိနေမယ်ဆိုရင် အနည်းဆုံး သုံးလလောက် ပိုလောက်လန်း မတွယ်တော့ပါဘူး၊ ကျွန်တော်တို့က ရေဂါလန် ၅၀၊ ၁၀၀ ဆိုရင်တော့ ဆေးခတ်ပေးပါတယ်၊ အုတ်ကန် ကြီးကြီးတွေကျရင် အကောင်းဆုံးကတော့ လောက်လန်းစား ငါးလေးတွေမွေးပြီး ပိုးလောက်ငါးတွေ နှိမ်နှင်းခြင်းပါ၊ ပုံမှန်ဆိုရင်တော့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပတ်သက်ပြီး အဘိတ်ဆေးခတ်ခြင်း ဖုံး/သွန်/လဲ/စစ် လုပ်ငန်းတွေဆိုပြီးတော့ ပုံမှန်ဆောင်ရွက်နေပါတယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်နေချိန်မှာ Stay Home နေခိုင်ပြီး အဓိကကူးစက်မှု မရှိအောင်၊ ထိတွေ့မှု မရှိအောင်နေခိုင်းတာပါ၊ သွေးလွန်တုပ်ကွေး ကလည်း ကူးစက်ရောဂါတစ်မျိုးပါ၊ ခြင်ကနေတစ်ဆင့် ကူးစက်ခဲ့ရင် အိမ်က, ကလေးတွေ၊ ပတ်ဝန်းကျင်တို့ ကူးစက်လာပြီဆိုရင် ဆေးရုံကို ဘယ်လိုမဆို သွားရတော့မှာ ဖြစ်ပါတယ်၊ အခုဟာက ပိုပြီးတော့ သတိထားရတော့မယ့် အချိန်ရောက်လာပါပြီ၊ ဒါကြောင့် ကျန်းမာရေး ဝန်ထမ်းတွေအပြင် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်ဖို့ လိုပါကြောင်း” ဟု မင်းဘူးမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ကျန်းမာရေးမှူး ဦးလှိုင်မျိုးကျော်က ပြေသည်။

 

ထိုသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခြင်းကို မင်းဘူးမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

ကျော်စိုးဝင်း(မင်းဘူး)