မင်းဘူး  မေ  ၂၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီခွဲက မင်းဘူး-အမ်း ကားလမ်းဘေးရှိ မိုင်တိုင်အမှတ် (၂/၀)အနီး မြို့နယ်သစ်တောဦးစီးဌာန (၅)ဧက ပျိုးဥယျာဉ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်၊ ခရိုင်သစ်တောဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်တို့က စိုက်ပျိုးမည့်ပျိုးပင်များကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီးနောက် တက်ရောက် လာကြသူများက ပျိုးပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

 

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှုကို လျော့ချစေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ် ဖြစ်ပေါ်လာပြီး သစ်ပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပိတောက်၊ မယ်ဇယ်၊ ရေတမာ၊ ခရေ၊ ဆီသပြေ၊ မယ်ဇလီ၊ ဗန်ဒါ၊ ယင်းမာနှင့် ထိုင်ဝမ်ဗန်ဒါ စသည့် ပျိုးပင်ပေါင် (၁၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်အောင်က ပြောသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)