မင်းဘူး ၁၉  နိုဝင်ဘာ 

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း (မကွေးတိုင်းဒေသကြီး)နှင့် မင်းဘူးခရိုင်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို မင်းဘူးခရိုင်၊ မင်းဘူမြို့၊ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း၌  နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးသန်းအေး (စလင်းဘုန်းကျော်)၊ မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးညွန့်နိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးအောင်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 

“ယခုလို စာဖတ်ရှိန်မြှင့်တင်ရေးပွဲဆောင်ရွက်တဲ့အတွက် ကလေးတွေအနေနဲ့ စာဖတ်စွမ်းရည် မြင့်တက်လာမယ်၊ ပုံပြောပြိုင်ပွဲတွေ ထည့်သွင်းထားတဲ့အတွက် စကားပြောစွမ်းရည်တွေ တိုးတက်လာပြီး၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေမှာဖြစ်ကြောင်း" ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်ရှိန်က ပြောသည်။

ဆက်လက်၍ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ မူလတန်းဆင့်၊ အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူ ၃၀ တို့က မြန်မာစာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် အသီးသီး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။

 

 

 

ပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း (မကွေးတိုင်းဒေသကြီး)မှ ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း စာကြည့်တိုက်၊ စလင်းမြို့နယ်၊ ထနောင်းကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း စာကြည့်တိုက်၊ ငဖဲမြို့နယ် သာယာကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း စာကြည့်တိုက်နှင့် မကွေးမြို့၊ ဗုဒ္ဓဂုဏ်ရည်စာကြည့်တိုက်တို့အတွက် သုတ၊ ရသ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)