မင်းဘူး ဇန်နဝါရီ ၂၂
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ ကျောင်းသူ၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပ စာပေဗဟုသုတများ ကြွယ်ဝကာ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အိမ်ယာ အ.ထ.က(ခွဲ) ကျောင်းတွင် ကျင်းပသည်။
ဦးစွာ အိမ်ယာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေမည့် စားအုပ်စာပေများကို ဖတ်ရှုလေ့လာကြရန် လိုအပ်ကြောင်းပြောကြားပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားနည်းပညာများ၏ အကျိုးသက်ရောက်ပုံနှင့် အားကစားနည်းများကို ထွန်းပေါက်အောင် ကစားခြင်းဖြင့် မိမိနိုင်ငံတော်နှင့် လူမျိုးကို ပြန်လည်အကျိုးပြုစေသည့် အချက်များကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရေး စသော အချက်များကိုလည်းကောင်း အသိပညာပေးပြောခဲ့ကြသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးစိုးမြင့်က လက်ခံရယူ၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)


