မင်းဘူး၊ ဇွန် ၁၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင် ကျင်းပသည့် စုပေါင်းဈေးရောင်းပွဲတော်ကို ဇွန်လ ၁၇ ရက် ညနေပိုင်းမှစတင်ပြီး မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ဈေးရောင်းပွဲတော် ဒုတိယနေ့အဖြစ် ဇွန်လ ၁၈ ရက်နေ့ ညပိုင်းက လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

 

မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်တွင် အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ်စသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ နိဗ္ဗာန်ကုန်ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်နှင့် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာများနှင့် လက်ဆောင်ပစ္စည်းအမျိုးမျိုးတို့ကို နယ်လှည့်ဈေးရောင်းချသည့် ဈေးသည်များ၏ စားဝတ်နေရေး အဆင်ပြေစေရန် ရောင်းချခွင့်ပြုပေးရခြင်းဖြစ်ကြောင်း၊ ဈေးရောင်ပွဲတော် ဒုတိယနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်းကားပြီး စားသောက်ဆိုင်တန်းများ၊ အညာဒေသ ရိုးရာမုန့်မျိုးစုံဆိုင်တန်းများနှင့် ကလေးကစားကွင်းများလည်း ပါဝင်ကာ စျေးရောင်းပွဲတော်ကာလအတွင်း မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

အဆိုပါဈေးရောင်းပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်မှ ၂၄ ရက်နေ့အထိ၊ နေ့စဉ် ညနေ ၄ နာရီမှ ည ၉ နာရီခွဲအထိ ရှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)